Friday, July 13, 2012

တခါတုန်းက ရွာဦးကျောင်း

 
 တခါတုန်းက ရွာဦးကျောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


တစ်ရက် တစ်ရက် ပေါက်တတ်ကရတွေးပြီး ပေါက်တတ်ကရတွေပဲ
ရေးချင်တယ် ...သူများတွေလိုလည်းကဗျာအရှည်ကြီးမရေးတတ်စာအရှည်ကြီးလည်း
မရေးတတ်တော့ တခါတလေကိုယ့်ကိုကိုယ်အားမရဘူး .... ဟောပြောရင်းဆိုရင်း

ကဗျာအကြောင်းစဉ်းစားနေတုန်းစိတ်က ငယ်ငယ်က ဘုန်းကြီးကျောင်း
မုန့် ခိုးစားတာကိုရောက်သွားပြန်တယ် ...( တွေ့ လားစိတ်ကိုက သောက်ရူးကြယ်လိုပဲ )
လင်းချင်ရင်လင်းတယ် မလင်းချင်ရင်မလင်းဘူး ...ဒါနဲ့ ဆက်ပါဦးမယ် စကားလေးစပ်မိတုန်း

သီတင်းကျွတ်တန်ဆောင်မုန်းလပြည့်ဆိုရင် ကျုပ်တို့ ရွာမှာ နှစ်စဉ်နှစ်တိုင်း
လုပ်နေကျအလှူ နေ့ ရောက်တိုင်း ဘုန်းကြီးကျောင်းမှာ မုန့် တွေ အိမ်တိုင်း
ကပ်ကြတယ် ...။ (အစဉ်အလာတခုပေါ့)

အဲ့ ဒီအချိန်ဆို မုန့် ကတော့ပေါတယ် .. ဘယ်အိမ်တက်စားစား တအိမ်တစ်မျိုး
မရိုးရလေအောင် ပါးဖြဲနားဖြဲ စားလို့ ရတယ်လေ ... ဒါပေမယ့် အိမ်တွေက ကပ်
လည်းဘုန်းကြီးကျောင်းက မုန့် ကပိုအရသာ ရှိ ပိုချိုသလားပဲ ...
ဘုန်းကြီးကျောင်းကိုပဲ သွားစားကြတာများတယ် .. ဒါပေမယ့်
ဘုန်းကြီးက ကျုပ် တို့ ကိုခိုင်းပဲခိုင်းတယ် မုန့် တခါမှ မကျွေးဘူးဗျ ......
ကောင်းတဲ့ မုန့် ကို ပြောတာ .. အဲ့ တော့ ကျနော်တို့ တင်းတာပေါ့ ........

ဒါနဲ့ ညနေဘက် တရားပွဲရှိတယ်ဆိုရင် ကျုပ်တို့ တရားနာသလိုလို ဘာလိုလိုနဲ့ ဘုန်း
ကြီးကျောင်းကိုသွားကြပြီ .. အစီအစဉ်ကတော့ ဆွဲပြီးသား ...

တရားပွဲစပြီး သရဏဂုံ ငါးပါးသီလ ပေးပြီးပြီဆိုတာနဲ့ ဘုန်းကြီးက တရားဟောပြီ (ငါးပါးသီလမှာ)
အဒိန္နဒါနကိုတော့မဆိုဘူး ... (မုန့် ခိုးစားဖို့ အတွက်ချန်ထားတာ) ခိခိ

အသာလေးကျောင်းအပေါ်ထပ်လှေခါးခြေရင်းကို တဖြည်းဖြည်းခိုးသွားပြီးရောက်ပြီ
ဆိုတာနဲ့ အပေါ်ထပ်ကိုအသာလေးကုတ်ချောင်းကုပ်ချောင်းနဲ့ တစ်ယောက်နဲ့ 
တစ်ယောက် ဆယ်မိနစ် ဆယ့်ငါးမိနစ်ခြားတက်တော့တာ ......
လျင်သလားတော့မမမေးနဲ့ ဘယ်သူမှမရိပ်မိကြဘူး ...

ကျောင်းအောက်မှာ ကအဆင်သင့် တစ်ဖွဲ့ စောင့်နေပြီးသား အပေါ်ကပစ်ချမယ့်
မုန့် ကိုဖမ်းဖို့ လေ .. ( အစီအစဉ်က အဲ့ လို )

လှေကားစောင့်ကိုရင်ကတော့ ကျနော်တို့ ကို ကြောက်တော့ဘာမှမပြောရဲဘူး
မကြောက်လို့ လဲမရဘူးလေ သူကြွက်ထောင်တာဘုန်းကြီးပြန်ပြောရင် ဆော်ပလော်
တီးခံရမှာကိုးးး

အပေါ်ထပ်ရောက်လို့ ကတော့ စားစရာတွေ့ သမျှအကုန်ကို မတော့တာ
ဒါပေမယ့် ....
နို့ ဆီတွေကိတ်ခြောက်တွေကတော့ ကျနော်တို့ မကြိုက်ဖူး
အဓိက ခိုးချင်တာက အလှူမှာလုပ် တဲ့ မုန့် ကို
ပဲခိုးချင်နေတာ .. မုန့် ထည့်တဲ့ ဒန်အိုးကိုဖွင့် မုန့် ကိုယူလက်နဲ့လုံးလိုက်ရင် လုံးသွား
တာဗျ ..နောက်ပြန်ဖြန့် လည်း မုန့် ကအနေအထားမပျက်ဘူး အရင်အတိုင်းပဲ
ကောက်ညှင်းနဲ့ လုပ်တဲ့ မုန့် ဆိုတော့ လေ ... မုန့် ကိုယူလက်နဲ့ လုံး အောက်ကစောင့်
နေတဲ့ အဖွဲ့ ကို ပစ်ချပေး အောက်ကပုဆိုးနဲ့ ဆီးဖမ်းး အဆင်ပြေတာပေါ့ ....
အောက်ကလူတွေသဘောကျ ခိုးပေးရတာဗျ ... သူတို့ ကစားမှာကို ကျနော်တို့ က
စားချင်လို့ တော့မဟုတ်ဖူး ဘုန်းကြီးကိုမကျေနပ်လို့ ခိုးတာ ...

အားလုံးပြီးပြီဆိုရင် အောက်ဆင်း ပြီး ဘုန်းဘုန်း မုန့် ခိုးသွားပြီအော်ခဲ့ သေးတာ ...
အဲ့ ဒါဆိုရင် ဘုန်းကြီးတရားဟော တာ ကျုပ်တို့ အကြောင်းပါပြီ .. ရွာကလူတွေက
လည်းအကြောင်းသိဆိုတော့ အပြစ်မမြင်ကြပါဘူး ..။ ရိုးသားတဲ့ ရွာသူရွာသားဘဝ
လေး ပိုင်ဆိုင်ခိုက်မှာ ပျော်ခဲ့ မိပါတယ် ။

ငယ်ငယ်တုန်းကပါ ...

ကျုပ်တို့ ဒေသအခေါ်( သရက်တောမုန့် ပေါ့ ...)

ခုတော့လည်းသရက်တောမုန့် မစားရတာကြာပြီပေါ့ဗျာ ...လွမ်းမိတယ်
ရွာ ဘုန်းကြီးကျောင်းက သရက်တော့ မုန့် ရယ် )))))

ကျုပ်တို့ ရွာငယ်လေး စစ်တပ်က လယ်တွေ ခြံတွေ မြေတွေ အတင်းအဓမ္မသိမ်း
ယူခဲ့ တော့ ခုဆို ဘုန်းကြီးကျောင်းခြံစည်းရိုးအုတ်တံတိုင်းတောင် ပြိုပျက်နေခဲ့ ရ
ပါပြီ ... ရွာသူရွာသားတွေလည်း လုပ်စားစရာ လယ်မြေ ခြံဥယျဉ်တွေမရှိတော့
အရင်လိုပျော်စရာမကောင်းတော့ပါဘူး ... မငတ်ယုံတမယ် လုပ်ကိုင်စားသောက်
နေရတော့အလှူအတန်းလည်းအရင်ကလိုမလုပ်နိုင်ကြတော့ပါဘူး ...။

ဝိပတ္တိတရားလေးပါးမှာ ပါတဲ့ မင်းဆိုးမင်းညစ် ဆိုတာမလွတ်ခဲ့ လေတော့ ရှိတဲ့ 
ဘ၀နဲ့ ပဲ တ၀မ်းဝရေး ရုန်းကန်အားထုတ် ကြိုးစားနေရ ရှာတဲ့ 
ရွာသူ ရွာသား များနဲ့ ကျုပ်ချက်မြုတ် ရပ်ရွာလေးကို ဒီမနက်လွမ်းဆွတ်မိပါကြောင်း .......


ညိုလင်းထွဏ်း
(4.7.2012)

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...