Monday, May 14, 2012

“နွေဘွဲ့ (ရတု)”


“နွေဘွဲ့ (ရတု)”


နွေဦးရာသီ။ ။ရော်ရီရွက်ဟောင်း
မြေလျှောင်းကြွေသက် ရွက်သစ်ထွက်သော်
ကန့်ကော်လှိုင်လှိုင် မြိုင်မြိုင်ရင်ခပ်
ထပ်ထပ်အင်ကြင်း ငုဝင်းဝင်းနှင့်
ရွှန်းရွှန်းသပြေ မြေဇာစိမ်းစိမ်း
လေလာတိမ်းကြ ယိမ်းအကပြိုင်
ပိတောက်ခိုင်ညှာ မွှေးလေ၏---။

လေမြူးကာချီ။ ။မိုးနတ်စည်လည်း
မြည်သံချိန့်ချိန့် မိုးတိမ်နိမ့်ပြာ
မသည်းပါဘဲ တဖွဲဖွဲနှင့်
ဝမ်းနည်းစိတ်မှာ ဟာသလိုလို
ဘယ်ဆီကိုတမ်း ဘယ်ကိုလွမ်းရ
မှန်းဆမနိုင်
တယောက်မှိုင်ကာ ဆွေးလေ၏---။

ဖြေဖူးပါသည်။ ။မြန်ပြည်ဋ္ဌာန
ဝေးကွာစွဟု စိတ်ကရမ်းရော်
မှန်းဆမျှော်မိ ဖမိရှိရာ
အညာရွာလေး ရေးရေးမြင်လို့
ထန်းညို့ညို့နှင့် မို့မို့ရစ်မှောင်
ပုံတောင်ပုံညာ နောက်ခံပြာထား
ပန်းချီကားသို့ ရှု့ စားမဝ
အလှစုံမြိုင်
မရောက်နိုင်ကြာ ဝေးလေဘိ---။ ။

သန်းစိန်

ပန်းချီ စောလှိုင်

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...